မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏။  

Tuesday, April 28, 2009

မြန်မာတို့ရှိခိုးနေကျ သြကာသဘုရားရှိခိုး

သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက် အုပ်မိုး ၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား။

ကန်တော့ရသော အကျိုးအား ကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗာန်ချမ်းသာ တရားတောာ်မြတ်ကို ရပါလို၏အရှင် ဘုရား။

အနက် ။ ။သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃)ကြိမ်။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါးသော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌ လည်းကောင်း၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌လည်း ကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊နှစ်ကြိမ် ၊ သုံးကြိမ်မြောက်အောင်-ပထမက ဒုတိယ၊ ဒုတိယ က တတိယ၊ တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင်၊ ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကိုအရိုအသေ အလေး အမြတ် လက်အုပ်မိုး၍- နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော၊ အလေး အမြတ်ပြုအပ်သော ၊ အလွန်ရခဲသော၊ ရှေးဘုန်းရှေးကံ ရှိသူတို့သာ တွေ့ကြုံခွင့် ရနိုင်သော “ဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊သံဃာအမြတ်ဆုံး ရတနာ”ဟု ဆိုအပ်သော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ် နိုး လက်အုပ်မိုး၍၊ ရှိခိုးပူဇော် ဖူးမြော်မာန်လျောကန်တော့ပါ၏အရှင်ဘုရား- ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ ၏အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့်- ဤကန်တော့ရသော ကုသိုလ်အကျိုးအား အစွမ်းကြောင့်၊ အပါယ်လေးပါး- (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် (က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေ ကြေ ပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသောသိဉ္စိုးငရဲ၊ (ခ) ငရဲသားတို့ကို ငရဲထိန်း တို့က သားကောင်ကို ခွေးတွေလိုက်သလိုအတင်းလိုက်ကြပြီး မောဟိုက်သွား သည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့်ကာဠသုတ်ငရဲ၊ (ဂ) အောက်မြေအပြင်မှာ မီးလျံတွေ ထလျှက် အထု (၉) ယူဇနာရှိသောသံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာထန်းပင် ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်း မြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီးတောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွား ပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီး ကလည်းအရှေ့ အရပ်သို့ ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှ သံတောင် တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံမကုန်သမျှ ငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသောသံဃာတငရဲ ၊ (ဃ) မီးတောက်တို့သည် တ၀ုန်းဝုန့်း ထလျက်ငရဲသို့ကျရောက်သူတို့၏ ဒွါရ(၉)ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာတစာစာ အော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့်မီးတောက်မီးလျှံ အလောင်ခံနေ ကြရသောရောရုာဝငရဲ ၊ (င) မီးခိုးတို့တစ်ငရဲလုံးဖုံးလွှမ်းနေပြီး ငရဲသို့ကျရောက် သူတို့ကို မီးခိုးတို့က အတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသောမဟာရောရုဝငရဲ၊ (စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထနေသည့်သံတံကျင်၌ မလှုပ်နိုင်အောင် စိုက် ထား ပြီးလျှင်ထိ သံတံမှထွက်သောမီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ၊(ဆ)မီးလျှံထနေသောသံတောင်ကြီးနှင့် ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင် တွေစိုက်ထူထားပြီးငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင် ပေါ်သို့ မတက်တက်အောင်ရိုက်နှက်၍ တင်ကြပြီးသံတောင်ပေါ်သို့ ရောက်သော အခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင် ခြေ၌ ရှိသောတံကျင်ပေါ်ရောက်အောင်တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသောမဟာတာပနငရဲ၊(ဇ) မီးတောက်မီးလျှံများအကြား မရှိပဲ တစ်ငရဲလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ၀ါးကျည်တောက် အတွင်း မုန်ညှင်းစေ့ကလေးတွေပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ် နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲခြင်း ဒုက္ခ ဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ဘင်ပုပ်ငရဲ၊ ပြာပူငရဲ ၊ လက်ပံတော ငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ “သံရည်မြစ်ငရဲ” တို့က တံတိုင်းခတ် သကဲ့သို့ ရံပတ်၍နေသောငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင်၊ မြင်း၊ ကျွဲ၊ နွား ၊ ခွေး၊ ကြက်၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေး ချောင်း၊ အခြေနှစ်ချောင်း၊ အခြေအများ သတ္တ၀ါတို့နှင့်မြွေ စသောအခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့်တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ၊ သရဲ သဘက် အစိမ်း ဖုတ်ကောင် ကျတ်ကောင်စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ်အရပ်၌ ကျရောက် ရခြင်းလည်းကောင်း၊ ကပ်သုံးပါး- (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း(သတ္တန္တရကပ် ) ၊(၂) ပလိပ်ရောဂါ ၊ ကာလရောဂါ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့် မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်)၊(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း (ဒုဗ္ဘိက္ကန္တရကပ် )တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း၊ ရပ်ပြစ်ရှစ်ပါး- မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့် မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသ များဖြစ်ကြသည့် (၁၊၂၊၃)ဘုရား ပွင့်နေဆဲအခါငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာစသော အပါယ်အရပ်(အသူတကယ်ကို ပြိတ္တာ မျိုး၌ယူ)၊ (၄) ဘုရားရှင်ပွင့်ဆဲဘုရားရှင်ကို မဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာ သောခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့်စိတ် ၀ိ ညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ် တို့အရပ်၊ (၅)အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ် အရပ် ၊(၆) ဘုရား ပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊(၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဥာဏ်မရှိသူ ၊(၈) တတ်သိ နားလည်လောက် သောဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း၊ ရန်သူမျိုးငါးပါး- (၁) ရေ၊(၂) မီး၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း၊ ၀ိကတ္တတရား လေးပါး- ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁)မင်းဆိုးမင်း ယုတ် အုပ်စိုးသောအခါ ဖြစ်သည့်ကာလ၀ိပတ္တိ ၊(၂)အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ဂတိဝိပတ္တိ၊(၃) ရုပ်အဆင်းအင်္ဂါချို့တဲ့ ခြင်း စတဲ့ ဥပဓိဝိပတ္တိ၊ (၄)အသိအလိမ္မာဥာဏ်ပညာသတိဝီရိယမရှိပဲ ပြုမူ၊ပြောဆို၊ကြံစည် မူပယောဂ၀ိပတ္တိစသည့်မကောင်းသောအဖြစ်ဆိုးတို့နှင့်လည်းကောင်း၊ ဗျဿန တရားငါးပါးတို့မှ- (၁) ဆွေမျိုးပျက်စီးခြင်း - ဥာတိဗျဿန၊(၂)စည်းစိမ်ဥစ္စာပျက်စီး ခြင်းဘောဂဗျဿန၊(၃)အနာရောဂါဖြစ်ခြင်းရောဂဗျဿန၊(၄)မှားယွင်းသောမိစ္ဆာအယူကိုယူခြင်းဒိဋ္ဌိဗျဿန၊ (၅)သီလပျက်ခြင်းသီလဗျဿန စသောပျက်စီးခြင်းတို့ နှင့်ကြုံတွေ့ရခြင်းစူသော၊ အခါခပ်သိမ်းကင်း လွတ်ငြိမ်း သည်ဖြစ်၍- ဤမကောင်း သောတရားတို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍၊ မဂ်တရား- သောတာ ပတ္တိမဂ်၊ သကဒါဂါမိမဂ်၊အနာဂါမိမဂ်၊အရဟတ္တမဂ်၊ ဖိုလ်တရား- သောတာပတ္တိ ဖိုလ်၊ သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်၊အရဟတ္တဖိုလ်၊ နိဗ္ဗာန်ချမ်းသာ- ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ၊ သေခြင်းသဘောလည်းမရှိရာ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့်နိဗ္ဗာန်စသော၊ တရားတော်မြတ်ကိုရပါလို၏ အရှင် ဘုရား- တရားတော်မြတ်တို့ကိုသံသရာ၌ ကြာရှည်စွာမကျင်လည်ရတော့ပဲ အမြန်ဆုံးရရပါလို၏ အရှင်ဘုရား။

ဒုတိယအပိုဒ်တွင် ဆုတောင်းများပါရှိပါသည်။ထိုသို့ဆုတောင်းနေရုံတစ်ခုတည်းဖြင့် ကောင်းကျိုးတရားတို့သည် အလိုလိုရရှိခြင်းသည်လည်းကောင်း၊ ဆိုးကျိုးတို့ လွဲသွေရခြင်းလည်းကောင်း ဖြစ်လာလိမ့်မည် မဟုတ်ပါပေ။ မိမိ၏ ကိုယ်ကျင့် သီလတို့ကို အပျက်မခံဘဲ “တရားအားထုတ်၊ ကုသိုလ်လုပ်၊ အဟုတ်မပျင်းနှင့်” ဆိုသည့်အတိုင်း ဆုတောင်းနေရုံတင်မဟုတ်ဘဲ လက်တွေ့ကျင့်ကြံသွားမှသာလျှင် မိမိတို့အလိုရှိသော ကောင်းကျိုးတရားတို့သည် ထပ်ချပ်မကွာ ရောက်ရှိလာပေ မည်။



ကံအကျိုးပေး မတူညီခြင်းအကြောင်း

လောက၌ သတ္တ၀ါတို့၏စိတ်သည် အင်မတန် ဆန်းကြယ်လှပေ၏။ ထိုသို့ ဆန်း ကြယ်လှသော စိတ်တို့၏ပြုပြုဖန်တီးခဲ့သည့်အတိုင်းပင် ရရှိနေကြပေပြီ။ ယခုရရှိ နေသော မိမိတို့၏ အခွင့်အရေး၊ လာဘ်လာဘတို့သည် အတိတ်၌ပြုလုပ်ခဲ့သော ကံအကြောင်းတရားများကြောင့်ပင်ဖြစ်ပေသည်။ အတိတ်ဆိုရာ၌ ပြီးဆုံးခဲ့သော အချိန်အားလုံးကို ယူရပေမည်။ အကြောင်းကြောင့် အကျိုးဖြစ်ရသော ပဋိစ္စ သမုပ္ပါဒ်ဒေသနာတော်အရ အတိတ်က အ၀ဇ္ဇာနှင့်တဏှာတို့ကြောင့် ယခုလက်ရှိ၌ ဒုက္ခသစ္စာကြီးကို ရရှိနေပေသည်။ အ၀ိဇ္ဇာဆိုရာ၌ သိသင့်သည်တို့ကို မသိခြင်း၊ မသိသင့်သည်တို့ကို သိနေခြင်းကို ဆိုလို၏။ တဏှာကတော့ တွေ့ကြုံနေသမျှ ကာမဂုဏ်တို့အပေါ်၌ လိုချင်တပ်မက်နေခြင်းပင်ဖြစ်၏။

ထိုသို့ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှု တို့ကြောင့် ယခုဒုက္ခသစ္စာခန္ဓာကိုယ်ကြီး ကို ရရှိနေသလို ယခုလက်ရှိ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှုတို့ အတော မသတ် အထပ်ထပ် ဖြစ်နေပြန်လျှင်လည်း နောက်ထပ် ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကို ရရှိကြပေဦးမည်ဆိုတာ သတိပြုသင့်လှပေသည်။ ထိုဒုက္ခသစ္စာခန္ဓာတို့ကို ဘုံအား ဖြင့် ခွဲပြရလျှင် လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်လေးဘုံဟူ၍ရှိ၏။ ဤ မတူညီသော ဘုံဘ၀တို့သည်လည်း မိမိပြုမူခဲ့သော ကံတရားတို့ကြောင့်ပင်ဖြစ်၏။ တဖန်လည်း ထိုဘုံဘ၀တွေမှာပင် ရရှိသောဆင်းရဲချမ်းသာတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ လူတို့၌ လူချမ်းသာ၊ လူဆင်းရဲတို့ရှိသလို နတ်၌လည်း နတ်ချမ်း သာ၊ နတ်ဆင်းရဲဟူ၍ ကွာခြားနေပေသေးသည်။ တိရစ္ဆာန်တို့မှာလည်း ဤသို့ပင် ဖြစ်နေကြပေသည်။ ထိုသို့ ကံ ကံ၏အကျိုးကြောင့် မတူညီသောအချက်တို့ကို ကြည့်ပြီး မိမိရသမျှနှင့် ရောင့်ရဲသင့်လှပေသည်။ ကျွန်ုပ်တို့သည် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကုန်သောဘုရားရှင်တို့နှင့် တွေ့ကြုံခဲ့သည်ထားဦး မွန်မြတ်သော တရားတော်နှင့်ကား လွဲသွေခဲ့ရလေပြီ။ ထို့ကြောင့် စာဖတ်သူတို့အား ကျွန်ုပ်အကြံပေးလိုသည်မှာ ကျန်ရှိသောအချိန်တို့ကို မေ့လျော့နေမှုတို့ဖြင့် ဖြုန်းတီးမနေတော့ဘဲ တန်ဘိုးရှိသောလူ့ဘ၀မှာ တန်ဘိုးရှိသော ဗုဒ္ဓဟောကြား ခဲ့သည့် တရားတော်များအတိုင်း ကျင့်ကြံနေထိုင်ကြမှ တော်ပေမည်။

ထိုသို့ စကားချီး ဆိုပြီးနောက် လူတို့၏ကံအကျိုးပေး တစ်ယောက်နှင့်တစ်ယောက် မတူညီသောအကြောင်းတို့ကို ပြောပြပါအံ့။ ထိုအကြောင်းတို့ကို မပြောသေးခင် မတူညီသောအချက်တို့ကို အရင်ဦးဆုံး ဆိုရပေဦးမည်။
(၁) တချို့ အသက်ရှည်၏၊ တချို့အသက်တိုကြ၏။
(၂) တချို့ ဝေဒနာများ၏၊ တချို့ဝေဒနာမများကြ။
(၃) တချို့ ရုပ်အဆင်းလှပ၏၊ တချို့ ရုပ်ဆိုးကြ၏။
(၄) တချို့ ဘုန်းကံကြီး၏၊ တချို့ ဘုန်းကံနည်းကြ၏။
(၅) တချို့ စီပွားရေးအောင်မြင်ကြ၏၊ တချို့ စီပွားရေးမအောင်မြင်ကြ။
(၆) တချို့ အမျိုးမြတ်၏၊ တချို့ အမျိုးမမြတ်ကြ။
(၇) တချို့ ဥာဏ်ပညာထက်မျက်ကြ၏၊ တချို့ ဥာဏ်ပညာမထက်မျက်ကြ။

ဤ ပြဆိုခဲ့သော ကံအကျိုးပေး မတူညီကြခြင်းမှာ အဘယ်ကြောင့်နည်း။ အတိတ် ကံတို့၏အကြောင်းများ မတူညီခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ (၁) အကြင်သူသည် ထိုထို ဘ၀တို့၌ သူတစ်ပါးတို့၏အသက်ကို သတ်ဖြတ်ခြင်းအမှုကို ပြုလုပ်ခဲ့ခြင်းကြောင့် ယခုဘ၀၌ အသက်တိုရ၏။ ထိုသို့မပြုဘဲ တစ်ပါးသောသူတို့၏အသက်တို့ကို ကြင်နာသနားတတ်ပြီး မသတ်မဖြတ်ခဲ့သူတို့မှာကား အသက်ရှည်ကြပေ၏။ (၂) သူတစ်ပါးတို့အား ညှင်းဆဲခဲ့သူတို့မှာ ယခုဘ၀၌ ရောဂါဝေဒနာ ထူပြော ကြပြီး မညှင်းဆဲဘဲ ကြင်နာတတ်သူတို့မှာကား အနာရောဂါမထူပြောဘဲ ကိုယ်ချမ်း သာခြင်းနှင့် ပြည့်စုံကြရပေသည်။ (၃) သူတစ်ပါးတို့အား မေတ္တာတရားထားခဲ့ကြ သူတို့မှာ ရုပ်အဆင်းလှကြပြီး ဒေါသစရိုက်ကြီးခဲ့သူတို့မှာကား ရုပ်အဆင်းဆိုးကြ ပေသည်။ (၄) ကုသိုလ်ကောင်းမှုတို့ကို မမေ့မလျော့ ပြုလုပ်ခဲ့ကြသူတို့မှာ ယခု ဘ၀ ဘုန်းကံကြီးမားကြပြီး ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့နေခဲ့ကြသူတို့မှာကား ဘုန်းကံနည်းပါးကြရပေသည်။ (၅) နှမျောတွန့်တိုခြင်း(မစ္ဆရိယ)ကို နှင်ထုတ်ပြီး သူတစ်ပါးတို့အား ပေးကမ်းလှူဒါန်းခြင်းအမှုကို ပြုလုပ်ခဲ့ကြသူတို့မှာ စီပွားရေး အောင်မြင်တိုးတက်ကြပြီး မိမိရှိတဲ့ဥစ္စာပစ္စည်းတို့ကို မပေးရက်မလှူရက် နှမျှော တွန့်တိုသူတို့မှာကား စီးပွားရေး မအောင်မြင်၊ မတိုးတက်ခြင်းဖြစ်ရပေသည်။(၆) မာန်မာန ထောင်လွှားတက်ကြွပြီး သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံတတ်သူတို့မှာ နိမ့်ကျသောအမျိုး၌ လူလာဖြစ်ကြရပြီး ထိုသို့ မပြုမူခဲ့သူတို့မှာကား မြင့်မြတ်သော အမျိုး၌ လူလာဖြစ်ကြရပေသည်။ (၇) တစ်ပါးသောသူတို့အား ကောင်းမွန်သော အသိပညာ၊ အတတ်ပညာတွေ ဖြန့်ဝေပေးခြင်း၊ သင်ကြားပေးခြင်း၊ ကိုယ်ကိုယ် တိုင်လေ့လာသင်ယူခြင်းစသော ပညာပါရမီတို့ကို ပြုလုပ်ခဲ့ကြသူတို့မှာ ယခုဘ၀ ပညာဥာဏ်ထက်မျက်ကြပြီး မိမိ၏အတတ်ပညာ၊ အသိပညာတို့ကို အကြောင်းပြု ၍ သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံခဲ့ခြင်း၊ မိမိကိုယ်တိုင် ပညာဆည်းပူးလေ့လာမှု မပြုခဲ့ကြသူတို့မှာကား ယခုဘ၀ ဥာဏ်နည်းကြရပေသည်။

ထိုသို့သော အကြောင်းတရားများကြောင့် ရရှိနေကြသော အကျိုးတရားတို့မှာ မတူနေကြခြင်းဖြစ်ပေ၏။ မိမိပြုလုပ်ခဲ့သော ကံအကြောင်းတရားများအတိုင်း ရရိ နေကြသည်ကို လက်ရှိကိုယ်ပိုင်ဆိုင်ထားသော အခွင့်အရေးအား မကျေမနပ် ဖြစ်ပြီး မရောင့်မရဲမရှိကြလေနှင့်။ ရရှိထားသောအခွင့်အရေးကို မကျေနပ်၍လည်း လမ်းမှားကို မကျင့်ကြလေနှင့်။ ကျင့်ကြံနေကြမည်ဆိုလျှင် အကုသိုလ်ကံအသစ် တို့ကိုသာ ပြုလုပ်နေသလိုဖြစ်ပေမည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် ယခုဘ၀၌ ကောင်းမှုတို့ကိုသာ များများပြုလုပ်ကြဘို့ လိုအပ်ပါသည်။ နောက်ဘ၀ ကောင်းစားဘို့အရေး ဆိုလိုနေခြင်းလည်း မဟုတ်ပါပေ။ ယခုရရှိထားသော ခန္ဓာငါး ပါး ဒုက္ခသစ္စာကြီးမရှိရာ နိရောဓသစ္စာ(နိဗ္ဗာန်)ကိုသာမျှော်မှန်း၍ ဒါန၊ သီလ၊ ဘာဝနာတရားများ ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

အမှန်အားထုတ်ခြင်း

သမ္မာဝါယာမ (သမ္မာ- မှန်ကန်သော၊ ၀ါယာမ- အားထုတ်ခြင်း)ဟု အနက်ရှိ၏။ ထို့ကြောင့် မမှန်ကန်သော၊ မှားယွင်းသောအားထုတ်ခြင်း ၀ီရိယကို ပယ်သတ်ရ မည်ဖြစ်၏။ မှားယွင်းသောဝီရိယကို အားထုတ်ရာ၌ ၀ီရိယ အားကြီးသူ ဆင်းရဲပြီး ၀ီရိယအားနည်းသူ ချမ်းသာ၏။ မှန်ကန်သောဝီရိယကို အားထုတ်ရာ၌ ၀ီရိယ အားကြီးသူ ချမ်းသာပြီး ၀ီရိယအားနည်းသူ ဆင်းရဲ၏။ ထို့ကြောင့် မိမိအားထုတ် နေသောဝီရိယသည် မှန်သောအားခြင်းလော၊ မှားယွင်းသောအားထုတ်ခြင်းလော ဥာဏ်ဖြင့်ဆင်ခြင်သုံးသပ်ရမည်ဖြစ်၏။

ဆင်းရဲခြင်းကို လူတိုင်း မလိုလားကြသော်လည်း အားထုတ်နေသည်မှာ ဆင်းရဲ ကြောင်းဝီရိယသာ ဖြစ်နေတတ်ကြပေသည်။ ပုဂံသို့ ရောက်ချင်သော်လည်း ပုဂံကို ကျောခိုင်းပြီး ပြေးနေသူနှင့် တူနေပေသည်။ ထို့ကြောင့် မှန်ကန်သောဝီရိယတို့ကို သိပြီး လိုက်နာကျင့်ကြံမှ ချမ်းသာခြင်းကို မလွဲမသွေရကြပေမည်။ တရားကို ကျင့် ကြံဘို့ တရားကို အရင်ဆုံးဆောင်ထားဘို့လိုအပ်၏။ သဘောပေါက်ဘို့လည်း လိုအပ်၏်။ ထို့ကြောင့် မှန်ကန်သောဝီရိယအားထုတ်ခြင်းသဘောကို ရှင်းလင်းစွာ နားလည်ပြီး အချိန်တိုင်းအားထုတ်သွားကြရပေမည်။

မှန်သောအားထုတ်ခြင်းတို့မှာ သမ္မပ္ပဓာန်လေးပါးတရားတို့ပင် ဖြစ်၏။။ ၎င်းတို့ မှာ-
(၁) မဖြစ်သေးသော ဒုစရိုက်တရားတို့ကို မဖြစ်ပေါ်လာစေရန် အားထုတ်ခြင်း၊
(၂) ဖြစ်ပြီးကုန်သော ဒုစရိုက်တရားတို့ကို ပယ်ဖျက်ခြင်းငှာ အားထုတ်ခြင်း၊
(၃) မပြုရသေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာစေရန် အားထုတ်ခြင်း၊
(၄) ပြုပြီး ပြုဆဲ ဖြစ်ကုန်သော ဒါန၊ သီလ၊ ဘာဝနာအစရှိသော ကုသိုလ်တရား တို့ကို အဆင့်ဆင့် တိုးပွားစေခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်ကြပေသည်။

အတိတ်၌ ဒုစရိုက်တရားတို့ကို ပြုလုပ်မိခဲ့လေခြင်း၊ ကုသိုလ်တရားတို့ကို မပြုလုပ်မိ ခဲ့လေခြင်းဟူ၍ ပူလောင်နေသောသဘောသည် ကုက္ကစ္စကိလေသာတရားပင်ဖြစ် ၏။ ထိုသို့ ပူလောင်နေခြင်းဖြင့် မိမိ၌ ဘာအကျိုးမှမဖြစ်ပဲ အကုသိုလ်တရားတို့သာ လျှင် ထပ်မံ၍တိုးလို့နေပေသည်။ ဖြစ်မလာသေးသော ဒုစရိုက်တရားတို့ကို ကြိုတင်တွေးတော ပူလောင်နေခြင်းသည်လည်း အကုသိုလ်တရားပင်ဖြစ်၏်။ ထို့ကြောင့် ဖြစ်မလာသေးသော ဒုစရိုက်တရားတို့ကို ကြိုတင်တွေးတောမနေပဲ ကြုံတွေ့လာလျှင် မြွေပွေးရှောင်သကဲ့သို့ရှောင်ပြီး ဖြစ်ပြီးကုန်သော ဒုစရိုက် တရားတို့ကိုလည်း နောက်ထပ်မဖြစ်အောင်သာလျှင် အားထုတ်ခြင်း သမ္မာဝီရိယ ကို ဖြည့်ကျင့်ကြရပါမည်။

“ကုသလံ အန၀ဇ္ဖသုခ ၀ိပါကလက္ခဏံ”- ကုသိုလ်တရားသည် အပြစ်ကင်းပြီး ချမ်း သာသောအကျိုးကိုပေးသော လက္ခဏာဖြစ်၏။ ထို့ကြောင့် ချမ်းသာကို အလိုရှိ သောပုဂ္ဂိုလ်သည် ကုသိုလ်တရားကို အလိုရှိသူဖြစ်ရပါမည်။ ထိုသို့ ချမ်းသာခြင်း ကို ပေးတတ်သော ကုသိုလ်တရားတို့၌ ယခုလို ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သာသနာတော်နှင့် တွေ့ကြုံနေခိုက်တွင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာရအောင် ကြိုးစားအားထုတ်မှသာလျှင် သာသနာတော်နှင့် တွေ့ကြုံရကျိုး၊ လူဖြစ်ရကျိုး နပ်ပေမည်။

အတိတ်က အ၀ိဇ္ဇာ၊ တဏှာတည်းဟူသော အကြောင်းတရားတို့ကြောင့် ယခု၌ ဒုက္ခ
သစ္စာကို ရရှိနေကြပေသည်။ ဤသို့ဖြင့် ပုထုဇဉ်အဖြစ် ကျင်လည်နေရသော သံသရာသည် ကြာညောင်းခဲ့လေပြီ။ ဒုက္ခဆင်းရဲတို့နှင့် ပြည့်နှက်နေပြီး အသွင် အမျိုးမျိုးဖြင့် အကြိမ်ကြိမ်သေခဲ့ရလေပြီ။ အ၀ိဇ္ဇာမျက်နှာဖုံးဖြင့် ချမ်းသာတု ချမ်းသာယောင်တို့ကိုလည်း ချမ်းသာအစစ်ထင်မှတ်ပြီး တခုံမင်မင်ဖြင့် ပုံတင်ကာ ခံစားခဲ့ပေပြီ။ ထို့ကြောင့် ပုထုဇဉ် အမိုက်ဇာတ် ဒီဘ၀ အပြီးသတ်မှ တော်ပေမည်။

ပုထုဇဉ်တို့ မခံစားဘူးသေးသော ချမ်းသာမှာ မဂ်ဖိုလ်ချမ်းသာသာ ကျန်တော့၏။ ထို့ကြောင့် ရှိထားပြီးသော ကုသိုလ်တရား တို့ကိုလည်း ပြုလုပ်နေကျအတိုင်း ထိန်းထားပြီး မိမိ၌မဖြစ်ပေါ်သေးသော ကုသိုလ်တရားများဖြစ်ကြသည့် သောတာ ပတ္တိမဂ်ဖိုလ်မှ အစပြု၍ အရဟတ္တမဂ်ဖိုလ်သို့တိုင် ရရှိခံစားနိုင်အောင် သမ္မာဝီရိယကို ကျင့်ကြံကြိုးစားအားထုတ်ကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် မှန်ကန်သော လမ်း ကြောင်းပေါ်၌ မှန်ကန်သောဝီရိယကို ပွားများအားထုတ်နိုင်ကြပါစေ။

အမှန်အသက်မွေးခြင်း

သမ္မာအာဇီဝ (သမ္မာ- မှန်ကန်သော၊ အာဇီဝ- အသက်မွေးခြင်း)ဟု အနက်ရှိ၏။ ထို့ကြောင့် မမှန်မကန် ဖောက်ပြန်မှားယွင်းသော အသက်မွေးဝမ်းကြောင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ ဓမ္မတို့သည် စိတ်လျှင် ရှေ့သွားရှိသည်ဖြစ်၍၊ စိတ် လျှင် အကောင်အထည်ရှိသည်ဖြစ်၍၊ စိတ်လျှင် အကြီးအမှူးရှိသည်ဖြစ်၍ မကောင်းသောစိတ် ရှေ့သွားဖြင့် အသက်မွေးဝမ်းကြောင်းမှန်သမျှကို ရှောင်ကြဉ် ပြီး မျှတစွာအသက်မွေးခြင်းဖြင့် သမ္မာအာဇီဝမဂ္ဂင်ကို ဖြည့်ကျင့်ကြရမည်ဖြစ်၏။

မိမိ၏ အကျိုးစီးပွားအတွက် သူတစ်ပါးတို့၏ အကျိုးစီးပွားတို့အား ယုတ်စေသော အသက်မွေးဝမ်းကြောင်းတို့ဖြင့် အသက်မမွေးသင့်ပေ။ လောက၌ ကိုယ်ပိုင် ဥစ္စာပစ္စည်းဟူသည် အရှိပေ။ သို့သော် မိမိပြုလုပ်ထားသော ကံတရားတို့ကို ကိုယ် ပိုင်ဟူ၍ မှတ်ယူရပေမည်။ ထိုသို့ မှတ်ယူရာ၌လည်း ဒိဋ္ဌိဖြင့် မှတ်ယူခြင်းကို မဆိုလို။ ပညာဖြင့် မှတ်ယူခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပေသည်။ မိမိပြုလုပ်သော ကံတရားတို့သည် အရိပ်ကဲ့သို့ အစဉ်တစိုက် လိုက်နေသောကြောင့် ဒီဘ၀ ချမ်းချမ်းသာသာနေရ ပြီးရောဟူ၍ မိစ္ဆာအာဇီဝ (မှားယွင်းသော အသက်မွေးခြင်း) ဖြင့် ဒီဘ၀တစ်နပ်စာအတွက်သာကြည့်ပြီး ဆင်ခြင်ဥာဏ် ကင်းမဲ့နေကြလျှင်ဖြင့် သံသရာဆင်းရဲ အခါခါနွှဲနေကြရမည်ဖြစ်၏။

စီးပွားဥစ္စာရှာကြရာ၌ ကာမဂုဏ်တရားတို့ကို မပယ်ရသေးသော အရိယာတို့သည် ပင် ရှာကြပါသည်။ သို့သော် အရိယာသူတော်ကောင်းတို့သည် မိစ္ဆာအာဇီဝတို့ဖြင့်ကား စီးပွားမရှာတော့ပေ။ အရိယာသူတော်စင်များ ရှောင်ကြဉ်ကြသော၊ မြတ်ဗုဒ္ဓလည်း တားမြစ်တော်မူထားသော လူးသားအားလုံး ရှောင်ကြဉ်ကြရမည့် မိစ္ဆာအာဇီဝငါးမျိုးတို့မှာ-

(၁) သတ္တ၀ါတို့ သေစေနိုင်သော အဆိပ်များကို ကုန်ကူးခြင်း၊
(၂) သတ္တ၀ါတို့ သေစေနိုင်သော လက်နက်များကို ကုန်ကူးခြင်း၊
(၃) သတ္တ၀ါတို့အား မေ့လျော်ရန်အကြောင်းဖြစ်သော မူးယစ်စေသည့်ပစ္စည်းများ၊ သေရည်သေရက်များကို ကုန်ကူးခြင်း၊
(၄) သားငါးများကို ကုန်ကူးခြင်း၊
(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန် လူများကို ကုန်ကူးခြင်း တို့ဖြစ်ပါ သည်။

ထို ငါးမျိုးသော အသက်မွေးဝမ်းကြောင်းတို့ဖြင့် အသက်မွေးမြူခြင်းသည် မှားယွင်း ၏။ ယုတ်ညံ့၏။ မိမိတို့၏ဘ၀ကို မွန်မြတ်တောက်ပြောင်ချင်လျှင် ထိုမိစ္ဆာအာဇီဝ ငါးမျိုးကို ရှောင်ကြဉ်ရပါမည်။ ထိုသို့ စီးပွားရှာပြီး စီးပွားပြည့်စုံစွာဖြင့် နေရငြား သော်လည်း ဘ၀ကား ညစ်နွမ်းနေ၏။ ယခုတင်မက နောင်၌လည်း အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားကြရပေဦးမည်။ ထို့ကြောင့် သတိကြီးစွာဖြင့် “ကံ ကံ၏အကျိုး” ကို ဆင်ခြင်သင့်လှပေသည်။

မိစ္ဆာအာဇီဝငါးမျိုးဖြင့် စီးပွားရှာပြီး ယခုဘ၀ချမ်းသာကောင်း ချမ်းသာနိုင်ပါသည်။ သို့သော် ၎င်းဖြင့် ချမ်းသာသည်ကား မဟုတ်ပေ။ ရှေး၌ ပြုလုပ်ခဲ့သော ကုသိုလ် တရားတို့၏ အကျိုးပေးသာဖြစ်ပါသည်။ ကံအကျိုးပေးရာ၌ လေးမျိုးဖြင့် အကျိုးပေး ခွင့်ရှိ၏။ ၎င်းတို့မှာ-

(၁) ဂရုကကံ = ကြီးလေးစွာ ပြုလုပ်ထားသောကံက အခြားကံတို့ကို အကျိုး ပေးခွင့်မပြုပဲ ၎င်းကံကသာ သေချာပေါက် အကျိုးပေးသောကံ၊
(၂) အာသန္နကံ = သေခါနီး၌ ပြုလုပ်သောကံက အကျိုးပေးသောကံ၊
(၃) အာစိဏ္ဏကံ = အမြဲပုံမှန် ပြုလုပ်သောကံက အကျိုးပေးသောကံ၊
(၄) ကဋတ္တာကံ = ရှေး၌ပြုသောကံတို့က နောင်တတိယဘ၀မှ အစပြု၍ နိဗ္ဗာန် မရမချင်း အခွင့်သာတိုင်း အကျိုးပေးသောကံ ဟူ၍ ကံအကျိုးပေးပုံ လေးမျိုးရှိကြ ၏။ မိစ္ဆာအာဇီဝဖြင့် စီးပွားရှာပြီး ချမ်းသာခြင်းမှာ အစိဏ္ဏကံက အကျိုးမပေးသေးပဲ ကဋတ္တာကံက အကျိုးပေးခြင်းသဘောကိုလည်း မှန်ကန်စွာနားလည်ထားရပေ မည်။

ထိုသို့ ကံအကျိုးပေးပုံလေးမျိုးကို နားလည်ကြပြီး ကောင်းတာလုပ်လျှင် ကောင်း ကျိုး၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးပေးခြင်းကို သက်ဝင်ယုံကြည်သော ကမ္မသက္ကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသည်ဖြစ်၍ မိစ္ဆာအာဇီဝငါးမျိုးကို ရှောင်ကြဉ်ကာ သမ္မာအာဇိဝမဂ္ဂင်တရားတော်မြတ်ကို ဖြည့်ကျင့်နိုင်ကြပါစေ။

စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး မှန်ကန်ကောင်းမွန်စွာ အသက်မွေးနိုင်ကြပါစေ။

အမှန်ပြုလုပ်ခြင်း

သမ္မာ- မှန်သော၊ ကမ္မန္တ- ပြုလုပ်ခြင်း ဟု အနက်ရှိ၏။ ထို့ကြောင့် အမှန်မကန် မှားယွင်းသောအလုပ်တို့ကို ရှောင်ကြဉ်ပြီး မှန်ကန်ကောင်းမွန်သောအလုပ်တို့ကို ပြုလုပ်ခြင်းဖြင့် သမ္မာကမ္မန္တမဂ္ဂင်ကို ဖြည့်ကျင့်ကြရပါမည်။ မှန်ကန်သောပြုလုပ်ခြင်း တို့မှာ-

(၁) သူတစ်ပါးတို့၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) သူတစ်ပါးတို့၏ဥစ္စာတို့ကို ခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃) ကာမဂုဏ်တရားတို့ကို ဖောက်ပြန်မှားယွင်းစွာ ကျင့်ကြံခြင်းမှ ရှောင်ကြဉ်ခြင်း

ဟူသောအလုပ်တို့သည် မှန်ကန်ကောင်းမွန်သောအလုပ်တို့ဖြစ်ကြပါသည်။ ထိုသို့ ရှောင်ကြဉ်ခြင်းနှင့်အတူ သူ့အသက်ကို ကယ်ဆယ်ခြင်း၊ သူ့ဥစ္စာကို စောင့်ရှောက် ခြင်း၊ ကာမဂုဏ်တရားတို့ကို မှားယွင်းစွာကျင့်ကြံနေသူတို့အား လမ်းမှန်သို့ရောက် အောင် အမြင်မှန်ပေးခြင်း၊ စောင့်ရှောက်ခြင်း စသည်တို့ကိုလည်း မိမိ၏တတ်စွမ်း သမျှသော ၀ီရိယ၊ ပညာတရားတို့ဖြင့် သူတစ်ပါးတို့အတွက် ခွဲဝေဖြန့်ထုတ် ပြုလုပ် ကြရမည်ဖြစ်၏။

သူတစ်ပါးတို့၏အသက်ကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ခြင်းသီလတရား သည် ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးသော မြတ်ဗုဒ္ဓတိုင်း၏ ရဟန်းတော်တို့အား ဟောကြားလေ့ရှိသည့် သြ၀ါဒပါတိမောက္ခဒေသနာမှ ပထမဂါထာတော် အဆုံးအမ ဖြစ်ပါသည်။ ရဟန်းတော်တို့အား ဆုံးမတော်မူသော်လည်း လူသားတိုင်း လိုက်နာ သင့်သော အဆုံးအမတရားဖြစ်ပါသည်။ ၎င်းမှာ-

"ခန္တီ ပရမံ တပေါ တိတိက္ခာ ၊
နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။
နဟိ ပဗ္ဗဇိတော ပရူပဃာတီ ၊
န သမဏော ဟောတိ ပရံ ၀ိဟေဋ္ဌယန္တော။" ဟူ၍ဖြစ်၏။

ထိုဂါထာမှ အောက်ဆုံးစာကြောင်းနှစ်ကြောင်း၏ အဓိပ္ပာယ်မှာ-
“ပရူပဃာတီ- တစ်ပါးသောသတ္တ၀ါကို သတ်ဖြတ်လေ့ရှိသူသည်၊ ပဗ္ဗဇိတော- ရဟန်းသူမြတ်သည်၊ နဟောတိ- မဖြစ်နိုင်ပေ။ ပရံ- သူတစ်ပါးကို၊ ၀ိဟေဋ္ဌယန္တော- ညှင်းဆဲနှိပ်စက်သောသူသည်၊ သမဏော- ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းသူမြတ်သည်၊ နဟောတိ- မဖြစ်နိုင်ပေ။” ဤသို့ ဘုရားရှင်တိုင်း ဆုံးမ တော်မူသော သူတစ်ပါးအား သတ်ဖြတ်ခြင်းအမှုကို ရှောင်ကြဉ်ခြင်းသည် မှန်ကန်ကောင်းမွန်သောအလုပ်ကိုပြုလုပ်ခြင်း သမ္မာကမ္မန္တမဂ္ဂင်ကို ဖြည့်ကျင့်ခြင်း ပင်ဖြစ်ပါသည်။

အတိတ်၌ သူတစ်ပါးစည်းစိမ်ဥစ္စာတို့ကို ခိုးယူခဲ့ခြင်း မမှန်ကန်သောအမှုကို ပြုလုပ် ခဲ့သူတို့သည် ယခု၌ ငတ်မွတ် ခေါင်းပါးမှုဆင်းရဲနှင့် တွေ့ကြုံကြရ၏။ သူတစ်ပါးတို့၌ လွန်စွာပေါကြွယ်ငြားသော်လည်း မိမိ၌ ရှားပါးလာဘ်တိတ်နေခြင်းမှာ ထိုမကောင်း သောခိုးဝှက်မှု ပြုလုပ်မိခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ တဖန် ပေါကြွယ်ဝစွာ ရှိငြားသော် လည်း ဥစ္စာပစ္စည်းတို့သည် ရေ၊ မီး၊ မင်းဆိုး၊ ခိုးသူ၊ အမွေခံသားဆိုး သမီးဆိုး စသည့် ရန်သူမျိုးငါးပါးတို့ကြောင့် ပျက်ဆီးဆုံးရှုံးသွားကြရပြန်၏။ ထိုသို့သော ဆိုးကျိုးအပြစ်တို့အား သံဝေဂယူပြီး သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သင့် ပေသည်။ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူ့ဥစ္စာတို့ မပျက်ဆီး မဆုံးရှုံးအောင် တတ်စွမ်းသမျှ စောင့်ရှောင်ပေးခြင်းဖြင့် သမ္မာကမ္မန္တမဂ္ဂင်ကို ဖြည့်ကျင့်ရာ၏။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့စသော ကာမဂုဏ်တရားတို့ကို မှားယွင်းစွာမှီဝဲခြင်းဖြင့် သတ္တ၀ါတို့သည် သံသရာ၌ အဖန်ဖန်ကျင်လည်ကြရ၏။ အန္ဓပုထုဇဉ်တို့သည် ကာမဂုဏ်တရားတို့ကို အ၀ိဇ္ဇာ(မသိမှု) ဦးစီး၍ တဏှာ (လို ချင်မှု)ဖြင့် သုံးဆောင်ကြ၏။ ငါ၊ ငါ့ဥစ္စာဟူသော ဒိဋ္ဌိဖြင့်လည်း ကပ်ငြိတွယ်တာ ကြကုန်၏။ ကုသိုလ်အကျိုးပေးကြောင့် ရရှိလာသော ပိုင်ဆိုင်မှု၊ အောင်မြင်မှု၊ ကျော်ကြားမှုစသည်တို့ကို ဒုက္ခသစ္စာဟူ၍ အမှန်မမြင်နိုင်ပဲ ထောင်လွှားတက်ကြွ မာန်မာနရှိနေကြပြန်၏။ ဤသို့သော ကိလေသာတို့ဖြင့် ကာမဂုဏ်တို့ကို ဖောက် ပြန်မှားယွင်းစွာ ကျင့်ကြံနေကြခြင်းကြောင့် သံသရာမှ ရုံးမထွက်နိုင်ပဲ အဖန်ဖန် ကျင်လည်နေကြရခြင်းဖြစ်ပေသည်။

ကာမဂုဏ်တို့အပေါ်၌ မှားယွင်းစွာ မသုံးဆောင်မိအောင် အမှန်မြင်ခြင်း(သမ္မာဒိဋ္ဌိ) ရှိကြရပါမည်။ ဖလသမ္မာဒိဋ္ဌိမရသေးသော ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကာမဂုဏ်တို့ကို ကမ္မသကတာသမ္မာဒိဋ္ဌိမှ အစပြု၍ ၀ိပဿနာသမ္မာဒိဋ္ဌိတို့ဖြင့် မှန်ကန်စွာသုံးဆောင် နိုင်အောင် ကျင်ကြံကြိုးကုတ် အားထုတ်ရာ၏။ သို့မှသာ ကာမဂုဏ်တို့အပေါ်၌ မှားယွင်းစွာကျင့်ကြံခြင်း မကောင်းသောပြုလုပ်မှုတို့ကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပါ သည်။ အမြင်မှန်သမ္မာဒိဋ္ဌိဖြင့် ကာမဂုဏ်တို့ကို သုံးဆောင်ခြင်းသည် ၎င်းကို မှားယွင်းစွာ ကျင့်ကြံခြင်းမှ ရှောင်ကြဉ်နေသည်ဖြစ်ခြင်းကြောင့် မှန်သောပြုလုပ် ခြင်း (သမ္မာကမ္မန္တမဂ္ဂင်) အကျင့်မြတ်ကို ဖြည့်ကျင့်နေခြင်းပင်ဖြစ်၏်။ ဤသို့ စဉ်ဆက်မပြတ် ဖြည့်ကျင့်ခြင်းဖြင့် ဒုက္ခအပေါင်းရပ်၍ မသေဓာတ်တရားသည် လျှင်မြန်စွာ ဆိုက်ရောက်လာမည်ဖြစ်သည်ကို ဤဓမ္မဆောင်းပါးဖြင့် တိုက်တွန်းနှိုး ဆော်လိုက်ရပါသည်။

စာဖတ်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့်အတူ အမှန်ပြုလုပ်ခြင်း မဂ္ဂင်ကို အမြန်ဆုံးအားထုတ်နိုင်ကြပါေ၏။

အမှန်ပြောခြင်း

မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော မဂ္ဂင်ရှစ်တန်အကျင့်မှန်တရားတော်မှ ယခု အမှန်ပြောခြင်းမဂ္ဂင်တရားတော်ကို ဓမ္မဒါနဖြန့်ဝေလိုက်ပါသည်။ လောက၌ ပြောဆို ကြသော စကားတို့မှာ ခြောက်မျိုးရှိကြကုန်၏။ ထိုသို့ ပြောဆိုကြသော စကား တို့မှာ-

(၁) ဟုတ်လည်းမဟုတ်၊ သူလည်းမနာလို၊ အကျိုးလည်း မရှိသောစကား၊
(၂) ဟုတ်တော့ဟုတ်သည်၊ သူတစ်ပါးက မနာလို၊ အကျိုးလည်းမရှိတဲ့စကား၊
(၃) ဟုတ်လည်းမဟုတ်၊ အကျိုးလည်းမရှိ၊ သူတစ်ပါး နာလိုသောစကား၊
(၄) ဟုတ်တော့ဟုတ်၏၊ သူတစ်ပါးလည်း နာလို၏၊ အကျိုးမရှိသောစကား၊
(၅) ဟုတ်လည်းဟုတ်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါး မနာလိုသောစကား၊
(၆) ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး နာလိုသောစကား
တို့ ဖြစ်ကြပါသည်။ ထိုသို့ ပြောဆိုကြသော စကားခြောက်ခွန်း၌ ဘုရားရှင်နှင့် သူတော်ကောင်း အရိယာပုဂ္ဂိုလ်တို့သည် နံပါတ် (၅) နှင့် (၆) နှစ်ခွန်းကိုသာ ပြောဆိုကြပါသည်။ စကားခြောက်ခွန်းရှိသော်လည်း နှစ်ခွန်းကိုသာ ပြောဆိုသင့် ကြောင်းကို “စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်။” ဟူ၍ ရှေးပညာရှိတို့ စပ်ဆိုခဲ့ကြပေသည်။

မြတ်စွာဘုရားရှင်သည် “ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး မနာလိုသောစကား”ကို ပြောဆိုရာ၌ ဇွတ်ပြောဆိုသည်ကား မဟုတ်ပါပေ။ အချိန် ကာလကိုကြည့်၍ ပြောဆို၏။ ဘယ်သို့သောအချိန်လဲဟုဆိုလျှင် လေးဘက် ထောက်သွားသော ထိုင်တတ်စအရွယ် အသိဥာဏ်မရှိသေးသော ကလေးငယ် တစ်ယောက်သည် ကွဲရှနေသော အိုးခြမ်းပဲ့တို့ကို စားစရာအမှတ်ဖြင့် ၀ါးမျိုရန် ပါးစပ်အတွင်းသို့ ထည့်နေရာ၌ ကလေးငယ်၏ ဖခင်သည် ထိုအချင်းအရာကို မြင်၍ ကလေး၏ပါးစပ်အတွင်းမှ အိုးခြမ်းပဲ့တို့ကို အမြန်ဆုံးထုတ်ပေးခြင်းကို ကလေးငယ်သည် သူ၏ စားစရာအမှတ်ထင်ထားသော အရာတို့ကို ဖခင်က ထုတ်ပေးရာ မကြိုက်၍ငိုသော်လည်း ဖခင်က မိမိ၏သားငယ်သည် မနှစ်သက် သောကြောင့် ငိုခြင်းကို ဂရုမမူတော့ပဲ အသက်မသေဘို့သာ အရေးကြီးသည် ဖြစ်သောကြောင့် အချိန်ကာလကိုမလင့်စေပဲ ပြုမူသကဲ့သို့ အနန္တကျေးဇူးရှင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်လည်း သံသရာ၌ ဆင်းရဲဒုက္ခရောက် နေကြသော ပုထုဇဉ်တို့သည် ဆုံးမစကားတို့ကို မကြိုက်မနှစ်သက်သော်လည်း အချိန်ကာလကိုကြည့်တော်မူပြီး ဆုံးမတော်မူခြင်းဖြစ်၏။

“ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး နာလိုသောစကား” ကိုတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က သတ္တ၀ါတို့၏စိတ်သည် ဒီအချိန်မှာ ကောင်းသော်လည်း ဟိုအချိန်၌ မကောင်းတတ်ခြင်း၊ မကောင်းမှု၌သာ မွေ့လျော်မှု များခြင်းတို့ကြောင့် သတ္တ၀ါတို့၏စိတ် ကောင်းနေသောအချိန်၌ အချိန်ကာလကို မစိုင်းငန့်ပဲ ဟောကြားတော်မူခြင်းဖြစ်၏။ မှန်ကန်သောသစ္စာတရားတို့ကို သတ္တ၀ါ တို့၏အကျိုးကို လိုလားတော်မူသောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး မှန်သောစကားတို့ကိုသာ ဆိုခဲ့တော်မူခြင်း သစ္စာပါရမီတော်မြတ်ကို မဖောက်မပြန် ဖြည့်ကျင့်တော်မူခဲ့ခြင်း ဖြစ်ပေသည်။

သမ္မာဝါစာဖြစ်အောင် ပြောဆိုရာ၌ မှန်ကန်တဲ့စကားဖြစ်လျှင် ပြီးရောဟူ၍ မမှတ်ယူ သင့်ပေ။ မျက်လုံးကန်းနေ၍ အားငယ်နေသော ပုဂ္ဂိုလ်တစ်ယောက်အား ငကန်းဟူ ၍ခေါ်လျှင် သင့်လျော်မည်မဟုတ်ပေ။ တဖန် ယဉ်ကျေးစွာလည်း ပြောဆိုတတ်ရပါ မည်။ ယဉ်ကျေးစွာ ပြောဆိုခြင်းဖြင့် သူတစ်ပါးတို့ နာဝင်ချိုသာသောကြောင့် မိမိ၏ မှန်ကန်ကောင်းမွန်သော အကြံအစည်တို့ အောင်မြင်ပြီးမြောက်မည်ဖြစ်ပါသည်။ ချိုတော့ ချိုသာ၏ ၊ ကောင်းကျိုးဖြစ်အောင် မပြောဆိုပဲ သူတစ်ပါးအား ချိုချိုသာ သာဖြင့် နှိပ်ကွပ်ပြောဆိုတတ်သောစကားမျိုးတို့ကို ရှောင်ကြဉ်ရပေမည်။ ထို့ ကြောင့် ကောင်းကျိုးဖြစ်အောင် ပြောဆိုတတ်ရန်လည်း လိုအပ်ပါသည်။ တချို့သောစကားတို့သည် မိမိပြောဆိုလိုက်သောကြောင့် တစ်ဦးနှင့်တစ်ဦး မညီညွတ်တော့ပဲ ခိုက်ရန်ဖြစ်သွားစေသော စကားမျိုးလည်း ရှိတတ်ပေသည်။ ထိုသို့သော စကားမျိုး မှာ မှန်လည်းမှန်၊ ရိုးလည်းရိုးသား၊ ယဉ်လည်းယဉ်ကျေး သော်လည်း အခြားသူနှစ်ဦးတို့၏ တစ်ဦးအပေါ်တစ်ဦးထားရှိသော မေတ္တာတရား တို့ ပြိုကွဲပျက်စီးစေတတ်သောကြောင့် ရှောင်ကြဉ်သင့်ပေသည်။ ထို့ကြောင့် သူနှစ်ဦးတို့ ညီညွတ်စေသောစကားမျိုး၊ မညီမညွတ်ဖြစ်နေသောသူတို့အား ညီ ညွတ်စေသော၊ အားဖြည့်ပေးသော စကားတို့ကို ပြောဆိုကြရပါမည်။

တဖန်လည်း အချိန်ကာလ၊ ရောက်ရှိနေသော အရပ်ဒေသနှင့် နားထောင်သူတို့၏ အခြေအနေ လက်ခံနိုင်မှုကိုလည်း ကြည့်ပြီး ပြောဆိုတတ်ရပါမည်။ အချိန်မတန် သေးပဲ ပြောဆိုမိလျှင် အမှားကိုလမ်းပြမိတတ်ခြင်း၊ အကျိုးကို ထိရောက်အောင် မဆောင်ရွက်နိုင်တော့ပဲ အခက်အခဲနှင့် ရင်ဆိုင်ရတတ်ခြင်း ဖြစ်တတ်ပေသည်။ အရပ်ဒေသက လက်မခံ နိုင်သောစကားမျိုးကို ပြောဆိုခြင်းဖြင့် တန်ဘိုးရှိသော စကားပင်ဖြစ်သော်လည်း ၀ိုင်းဝန်း၍ ဟားတိုက်ခံရလျှင် “ထောင်တန်တဲ့စကား ရယ်ပေါ့” ဖြစ်တတ်ပေသည်။ ပုဂ္ဂိုလ်ကိုလည်းကြည့်ပြီး ပြောဆိုတတ်မှ သင့်လျော်ပေမည်။ “က၊ ခ” (ကကြီး၊ ခကွေး)ပင် မတတ်သေးသော ကလေးငယ် အား ပရိတ်ကြီးပါဠိကို သင်ပေးနေ၍ မသင့်တော်လှပေ။ မိမိ၏ တတ်စေချင်လှ၊ တော်စေချင်လှသောစေတနာသည် မည်မျှပင်ကြီးမားနေသော်လည်း အမောသာ အဖတ်တင်နေမည် ဖြစ်ပေသည်။

နောက်ဆုံးအနေဖြင့် အရေးအကြီးဆုံးကတော့ လောကကြီးကို တလွဲတချော် ဖြစ်စေမည့်စကားတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ သတ္တ၀ါတို့သည် တစ်သံသ ရာလုံး၌ သညာဝိပလ္လာသ(အမှတ်မှား)၊ ၀ိဇ္ဇာဝိပလ္လာသ(အသိမှား)၊ ဒိဋ္ဌိဝိပလ္လာသ (အယူမှားခြင်း)တို့ဖြင့် ကျင်လည်လာခဲ့ခြင်းကြောင့် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော် မူပြီးကြကုန်သော ဘုရားအဆူဆူတို့နှင့် အကြိမ်ကြိမ်လွဲချော်ခဲ့ရခြင်းမှာ ထို အမှား သုံးချက် မလွတ်ခဲ့သောကြောင့်ဖြစ်၏။ ထိုသို့ မှားယွင်းသောစကားမျိုး၊ လွဲချော် သောစကားမျိုးကို ပြောဆိုမိခြင်းကြောင့် တခြားသူတို့ တလွဲမှတ်ယူသွားပြီး လိုက် နာလုပ်ဆောင်နေကြပြီ၊ ကျင့်ကြံနေကြပြီဆိုလျှင် မိမိ၌ ကြီးလေးသောအပြစ်တို့ ကျရောက်လာမည်ဖြစ်သည်။ အမှားတကာ့ အမှားတို့တွင် အယူမှားခြင်းသည် အမှားဆုံးသော မှားခြင်းဖြစ်၏။ ထို့ကြောင့် မိမိကိုယ်တိုင် အယူမှန်အောင် ကျင့်ကြံ ပြီး အယူမှန်စကားတို့ကို ပြောဆိုတတ်မှသာလျှင် တစ်ခြားသူတို့ အမှတ်မှန်၊ အသိ မှန်၊ အယူမှန်ကြမည် ဖြစ်သောကြောင့် သမ္မာဝါစာမဂ္ဂင်ကို ပြည့်ဝစွာ ကျင့်ကြံသွား နိုင်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ကြမည်ဖြစ်သည်ကို ဤဓမ္မ ဆောင်းပါးဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


အမှန်တွေးခြင်း
သမ္မာသင်္ကပ္ပ(သမ္မာ- မှန်ကန်စွာ၊ သင်္ကပ္ပ- ကြံစည်ခြင်း၊ တွေးတောခြင်း) ဖြစ်ပါ သည်။ အမှန်ကိုတွေးတောနိုင်ဘို့ အမှန်ကိုဦးစွာမြင်ဘို့ လိုအပ်ပါ၏။ တဖန် အမှန် မြင်ဘို့လည်း အမှန်ကိုတွေးဘို့ လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ အပြန်အလှန် အကျိုးပြုနေသောသဘောသည်ပင်လျှင် တရားသဘောနိယာမဖြစ်၏။ အမှန်ကို အမြင့်ဆုံးအနေဖြင့် တွေးတောရမှာကတော့ ရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်သ ဘော၊ ပျက်သဘောတို့ကို တွေးတောခြင်းနှင့် သစ္စာလေးပါးတရားတို့ကိုသာ အမှန် အားဖြင့် တွေးတောနေခြင်းဖြစ်ပါသည်။

လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်စသဖြင့် ပညတ်ထားသော အမည်နာမတို့ကို ဖြုတ်လိုက် လျှင် အားလုံးသည် သုံးဆယ့်တစ်ဘုံသား သတ္တ၀ါတို့ပင် ဖြစ်ကြပါသည်။ အဆင့် အတန်းဟူသော ခွဲခြားဆက်ဆံတတ်သည့်သဘောသည် မာနကိလေသာ၏ ခြယ် လှယ်မှုပင်ဖြစ်၏။ လူလူချင်းစာနာထောက်ထားတတ်ရုံသာမက တိရစ္ဆာန်လေးတွေ ကိုလည်း စာနာထောက်ထားတတ်ရပါမည်။ မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် သူတစ်ပါးတို့၏ ကိုယ်ကျိုးစီးပွားကို ဖျက်စီးဘို့ ကြံစည်နေခြင်းသည် မလျော်ကန်မသင့်မြတ်လှသော အတွေးပင်ဖြစ်၏။ မိမိ၏ ကျန်းမာရေးအတွက် ယင်ကောင်လေးတွေ၊ ခြင်လေးတွေကို သတ်ဘို့ကြံစည်ခြင်းသည် မစာနာ မထောက်ထားသော ကြံစည်မှုပင်ဖြစ်၏။ အားလုံးသည်ပင်လျှင် သတ္တ၀ါတို့ မဟုတ်ကြပါလော။ ဤမျှ ရှည်လျားလှသော သံသရာ၌ မိမိသည်ပင်လျှင် ခြင်၊ ယင်တို့ဖြစ်ခဲ့ဖူးလေပြီ။ မိမိနှင့် ဆွေမျိုးမတော်စပ်ဘူးခဲ့သောသူမရှိခဲ့ဟူ၍ မြတ်စွာ ဘုရားဟောကြားခဲ့ပါသည်။ တစ်ခါတုန်းက မြတ်စွာဘုရားသည် အရှင်အာနန္ဒာ ဆွမ်းစားနေစဉ် သုံးဆောင်နေဆဲဖြစ်သော ငါးဟင်းမှာ တချိန်က သားတော်စပ်ဖူးခဲ့ကြောင်း တန်ခိုးတော်ဖြင့် ပြသလိုက်ရာ ဆွမ်းမစားဝံ့ဘဲ ဖြစ်ခဲ့ဖူးလေ၏။ ထို့ကြောင့် နိဗ္ဗာန်မရသေးသော သတ္တ၀ါအားလုံးသည် သံသရာ ခရီးသည်များဖြစ်ကြရာ အချင်းချင်း စာနာသင့်လှပေသည်။

ပေးကမ်းလှူဒါန်းခြင်းအမှုသည် အချင်းချင်းရိုင်းပင်းခြင်း၊ ကောင်းမှုပြုခြင်းပင်ဖြစ်ပါ သည်။ မိမိရထားသော အခွင့်အရေး၊ လာဘ်လာဘ၊ ဥစ္စာပစ္စည်းတို့အား သူတစ်ပါး တို့နှင့် မျှဝေစားသုံးခြင်းသည် မှန်သောတွေးခြင်းမှလာသော ကောင်းသောအလုပ် ဖြစ်၏။ မိမိပိုင်ဆိုင်ထားသော အရာအားလုံးတို့သည် သေလျှင်ထားခဲ့ရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် နိဗ္ဗာန်ကိုအလိုရှိသောဆန္ဒဖြင့် ကိုယ့်မှာရှိသော အသိပညာ ဗဟုသုတ၊ အခွင့်အရေး၊ လာဘ်လာဘတို့ကို ကိုယ်ချည်းသုံးဆောင်မနေပဲ သူတစ်ပါးတို့အားလည်း ဝေမျှသုံးဆောင်ခြင်းဖြင့် မိမိ၌ပါရမီကုသိုလ်အထူးတို့ ပါသွားမည်ဖြစ်ပေသည်။ ရေတစ်ခွက်ပေးလှူသည်ဖြစ်စေ ထိုဒါနကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်အောင် နိဗ္ဗာန်သို့ ရည်မှန်း၍သာ ပေးလှူကြပါလေ။

သူတစ်ပါးတို့ ဆင်းရဲကြောင်းကိုသာ တွေးတောနေခြင်းသည် မျက်မှောက်ကာလ မိမိမှာပူလောင်နေရသလို သူတစ်ပါးတို့အတွက်လည်း အကျိုးရှိလာစရာ အကြောင်းမရှိပေ။ တစ်ယောက်နှင့်တစ်ယောက် ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင် ခြင်း၊ အထင်သေးခြင်းတို့ဖြင့်နေနေကြလျှင် ယခုဘ၀အဘယ်သို့အကျိုးရှိအံ့နည်း။ သံသရာမှာဖြစ်ပေါ်လာမည့် ဆင်းရဲခြင်းအကြောင်းသာလျှင် ဖြစ်နေပေမည်။ ထို့ကြောင့် သူတစ်ပါးတို့ချမ်းသာကြောင်းကိုသာ အစဉ်တွေးတောနေပြီး မိမိ ကိုယ်တိုင်လည်း ချမ်းသာစွာနေနိုင်အောင် ကျင့်ကြံသင့်လှပေသည်။

ဧကာယနောဟူသော တစ်ခုတည်းသော မသေရာလမ်း မဂ္ဂင်ရှစ်ပါးတရားတော် မြတ်ကြီးကို မြတ်ဗုဒ္ဓသည် ဟောကြားတော်မူခဲ့လေပြီ။ ထို့ကြောင့် ယခုလို မဂ္ဂင်ရှစ် ပါးတရားတော်မြတ်ကြီးနှင့် ကြုံကြိုက်နေပါသော်လည်း မကျင့်ကြံမပွားများပဲနေနေ ကြလျှင်ဖြင့် မိမိအတွက် ပေါ်ပေါက်လာသောလမ်းမဟုတ်ပဲ ဖြစ်နေပေမည်။ “ရန်သူ ၀ိုင်းထား၊ ထိုယောက်ျားကား၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။” ဆိုသည့် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ၏ အဆုံးအမကဲ့သို့ ဖြစ်နေပေမည်။ ထို့ကြောင့် လမ်းသွားချင်းပက်ပင်းဆုံနေတုန်း ငါကြံတာမှအမှန်၊ ငါပြောတာမှ သဘောမိ၊ ငါလုပ်တာမှ အဟုတ်ဟူ၍လည်း အချင်းချင်းအငြင်းပွားမနေကြတော့ဘဲ မိမိ၌ရှိသော ကိလေသာတရားတို့ ငြိမ်းအောင် မဂ္ဂင်ဖောင်ကြီးအမြန်စီး ခရီးနှင်သင့်လှပေပြီ။

မိမိ၏ ကောင်းမှန်သောကြံစည်မှု၊ ပြောဆိုမှု၊ ပြုကျင့်မှုတို့ဖြင့် အတူနေများဂုဏ်မြင့် အောင် ဆောင်ရွက်သင့်ကြပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိ၏ဂုဏ်တို့ မြင့်မားလာမည်ဖြစ်ပြီး ထိုထိုကောင်းမှုတရားတို့ကို ပြန်လည်၍ အောက်မေ့လိုက် တိုင်းလည်း ပြန်လည်ဝမ်းမြောက်နေရပေမည်။ လူ့ဘ၀ဖြစ်ရ သမုဒ္ဒရာရေတစ်ပွက် မျှသာကြာတာမို့ ထာဝရချမ်းသာ မသေရာလမ်းကို အမြန်သာလျှောက်လှမ်းကြပါ ကုန်။

အမှန်မြင်ခြင်း

ဇာတိ၏အဆုံး၊ ဒုက္ခ၏အဆုံးကို မြင်တော်မူသော မြတ်စွာဘုရားသည် တစ်ခု တည်းသောမဂ်ကို ဟောကြားတော်မူခဲ့လေပြီ။ မဂ်ဆိုရာ၌ လမ်းကိုဆိုလိုခြင်း ဖြစ်သည်။ ထိုလမ်းကား မသေရာလမ်းပင်ဖြစ်၏။ သံသရာအဆက်မပြတ် အဖန်ဖန် သေပွဲဝင်ရခြင်းဟူသည့် အကြီမားဆုံးသော ဒုက္ခကြီးကို မြတ်ဗုဒ္ဓသည် ဖြတ် တောက်ခဲ့လေပြီ။ ကိုယ်တိုင်သိမြင်ပြီးသော အေးချမ်းရာ နိဗ္ဗာန်ဆီသို့ သွားရောက် နိုင်သောလမ်းကိုလည်း သတ္တ၀ါတို့အား ဟောကြားတော်မူခဲ့ပါသည်။ သံသရာ စက်ရဟတ်ကို ဖြတ်တောက်ပြီးခဲ့သော မြတ်ဗုဒ္ဓသည် ငြိမ်းချမ်းတော်မူခဲ့လေပြီ။

သံသရာဆိုသည်မှာ အဘယ်နည်း။ “မွေးဖွားခြင်း- ဇာတိ၊ အိုမင်းရင့်ရော်ခြင်း- ဇရာ၊ ဖောက်ပြန်ခြင်း- ဗျာတိ၊ ပျက်စီးချုပ်ပျောက်ခြင်း- မရဏ” တို့ အဆက်မပြတ် ဖြစ်ခြင်း ပျက်ခြင်းသဘောကို ဆိုလိုခြင်းဖြစ်သည်။ ထိုဆင်းရဲတို့၏အဆုံးကို မြင်တော်မူပြီးခဲ့သော မြတ်စွာဘုရားသည် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတို့ကို ဟောပြ ဆုံးမတော်မူခဲ့ပါသည်။ ဤဆုံးမတော်မူခဲ့သော မဂ္ဂင်ရှစ်ပါးတရားတော်ကြီးသည် အဖိုးမဖြတ်နိုင်သော တရားတော်ကြီးဖြစ်ခြင်းကြောင့် လိုက်နာကျင့်ကြံကြသူတို့ အဖို့ အင်မတန်အကျိုးကြီးမားလှသော တရားတော်ကြီးပင်ဖြစ်ပါသည်။ ထိုမဂ္ဂင်ရှစ် ပါး ကျင့်စဉ်တရားတို့မှာ-
(၁) သမ္မာဒိဋ္ဌိ = မှန်သောအမြင်ရှိခြင်း။ (ပညာမဂ္ဂင်)
(၂) သမ္မာသင်္ကပ္ပ = မှန်သောကြံစည်တွေးတောခြင်း။ (ပညာမဂ္ဂင်)
(၃) သမ္မာဝါစာ = မှန်သောပြောဆိုခြင်း။ (သီလမဂ္ဂင်)
(၄) သမ္မာကမ္မန္တ = မှန်သောပြုလုပ်ခြင်း။ (သီလမဂ္ဂင်)
(၅) သမ္မာအာဇီဝ = မှန်သောအသက်မွေးခြင်း။ (သီလမဂ္ဂင်)
(၆) သမ္မာဝါယမ = မှန်သောဝီရိယရှိခြင်း၊ အားထုတ်ခြင်း။ (သမာဓိမဂ္ဂင်)
(၇) သမ္မာသတိ = မှန်သောသတိရှိခြင်း။ (သမာဓိမဂ္ဂင်)
(၈) သမ္မာသမာဓိ = မှန်သောတည်ကြည်ခြင်း။ (သမာဓိမဂ္ဂင်) တို့ ဖြစ်ကြပါသည်။

သမ္မာဒိဋ္ဌိ (သမ္မာ- မှန်ကန်စွာ၊ ဒိဋ္ဌိ- မြင်ခြင်း ၊ အယူရှိခြင်း) ဖြစ်ပါသည်။ အမှန်ဆုံး သော အမြင်ကတော့ သစ္စာလေးပါးမြင်ခြင်းကို ဆိုလိုပါသည်။ ခန္ဓာနှင့်နိဗ္ဗာန် အလွန်ဝေးကွာစွာရှိနေသည် မဟုတ်ပါပေ။ နိဗ္ဗာန်နှင့် ခန္ဓာတို့သည် တစ်ဆက် တည်းရှိသည်ဟု မြတ်ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါသည်။ အဘယ့်ကြောင့် ဝေးသည်ဟု ထင်နေရသနည်း။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာရေအလျှင်တို့ ဖုံးလွှမ်းနေခြင်းကြောင့် ဝေးနေရခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ နိဗ္ဗာန်သည် တစ်ဘက်ကမ်း၊ ခန္ဓာကို ကျန်တစ်ဘက်ကမ်းဟုဆိုလျှင် ကြား၌ရှိသော ရေအလျှင် တို့ ဖုံးလွှမ်းထားခြင်းကြောင့် ကမ်းနှစ်ခု တစ်ဆက်တည်းရှိနေမှန်း မသိရလောက် အောင် ဝေးကွာသည်ဟု ထင်နေရခြင်းပင်ဖြစ်၏။ ထိုရေတို့ကို ဖယ်ထုတ်လိုက် လျှင် တစ်ဆက်တည်းရှိမှန်း မြင်နိုင်မည်ဖြစ်ပါသည်။

သစ္စာလေးပါးတို့မှာ ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား၊ သမုဒယသစ္စာ- ဆင်းရဲ ကြောင်းအမှန်တရား၊ နိရောဓသစ္စာ- ချုပ်ငြိမ်းခြင်းအမှန်တရား၊ မဂ္ဂသစ္စာ- ချုပ်ငြိမ်း ကြောင်းလမ်းမှန်တရား ဟူ၍ဖြစ်၏။ ဒုက္ခသစ္စာ(ခန္ဓာငါးပါး)သည် သိရုံသာသိရမည့် အကျိုးတရား၊ သမုဒယသစ္စာ (လောဘ)သည် ပယ်သတ်ရမည့် အကြောင်းတရား၊
နိရောဓသစ္စာ(နိဗ္ဗာန်)သည် ဆိုက်ရောက်ရမည့်တရား၊ မဂ္ဂသစ္စာ(မဂ္ဂင်ရှစ်ပါး)သည် ပွားများရမည့်တရားတို့ ဖြစ်ကြ၏။ ဒုက္ခကိုသိလိုက်ရုံဖြင့် လိုချင်မှုလောဘကို ပယ်သလို ငြိမ်းချမ်းခြင်းနိရောဓကိုဆိုက်ခြင်းနှင့် ပွာများခြင်းမဂ္ဂတို့သည် တစ်ပြိုင် နက်တည်းပင် ဖြစ်၏။ သောတာပန်မဖြစ်သေးသည့် ၀ိပဿနာအားထုတ်နေသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခကိုသစ္စာထိုက်အောင် မသိသေးသည် ဖြစ်ခြင်းကြောင့် ပယ်ခြင်း၊ ဆိုက်ခြင်း၊ ပွားခြင်းတို့သည် သစ္စာထိုက်ဦးမည် မဟုတ်သေးချေ။ သို့သော်လည်း ဒုက္ခသိခြင်းကို အဖန်ဖန် ဥာဏ်ဦးနေခြင်းဖြင့် ပယ်ခြင်း၊ ဆိုက်ခြင်း၊ ပွားခြင်းတို့သည်လည်း တစ်ပြိုင်နက်ဖြစ်နေပေမည်။ ဤနေရာ၌ ပုထုဇဉ်တို့၏ မဂ္ဂင်သည် ငါးပါးသာရှိနေဦးမည်ဖြစ်သည်။ သီလမဂ္ဂင်သည် သောတာပန် အရိယာမှသာလျှင် အဓိသီလဖြစ်သွားသည် ဖြစ်ခြင်းကြောင့် မဂ္ဂင်ရှစ်ပါး စုံလင် သွားရပေသည်။ ပုထုဇဉ်တို့၏သီလမှာ မခိုင်မြဲသေးသည် ဖြစ်ခြင်းကြောင့် သစ္စာထိုက်သောသီလ မဖြစ်သေးခြင်းဖြစ်ပါသည်။

ဥပရိပဏ္ဏာသပါဠိတော်၊ အဋ္ဌကထာတို့မှာလာသော သမ္မာဒိဋ္ဌိငါးမျိုးရှိပါသည်။ ၎င်း တို့ ကတော့-
(၁) ကမ္မသကတာ သမ္မာဒိဋ္ဌိ - ကောင်းကျိုး၊ မကောင်းကျိုးတို့သည် ဖန်ဆင်းရှင်က မဖန်တီး၊ မိမိပြုလုပ်ခဲ့သော ကောင်းမှုကံတို့က ကောင်းကျိုးကိုဖန်တီးမည်ဖြစ်ပြီး၊ မကောင်းသောကံတို့က မကောင်းကျိုးတို့ကို ဖန်တီးမည်ဖြစ်သည်ဟု အမြင်မှန် ခြင်း။
(၂) ၀ိပဿနာသမ္မာဒိဋ္ဌိ - ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ မရှိ၊ (က) ရူပက္ခန္ဓာ- ဖောက်ပြန်ပျက်စီးတတ်သော သဘောတရားအစု(ရုပ်တရား)၊ (ခ) သညာက္ခန္ဓာ- မှတ်သားတတ်သော သဘောတရားအစု(နာမ်တရား)၊ (ဂ) သင်္ခါရက္ခန္ဓာ- ကြံစည် တွေးတောတတ်သော သဘောတရားအစု(နာမ်တရား)၊(ဃ) ဝေဒနာက္ခန္ဓာ-ခံစား တတ်သော သဘောတရားအစု(နာမ်တရား)၊ (င) ၀ိဥာဏက္ခန္ဓာ-သိတတ်သော သဘောတရားအစု(နာမ်တရား)တို့သာလျှင်ရှိသည်ဟု သိမြင်ပြီး ဖြစ်ခြင်း-ပျက်ခြင်း သဘောကိုသာရှိသည်ဟု အမြင်မှန်ခြင်း။
(၃) မဂ်သမ္မာဒိဋ္ဌိ - ခန္ဓာငါးပါး၏ ဖြစ်ပျက်သဘော ဒုက္ခသစ္စာကိုဘဲမြင်ခြင်း။
(၄) ဖလသမ္မာဒိဋ္ဌိ(ဖိုလ်သမ္မာဒိဋ္ဌိ)- မဂ်ကြောင့်ရသောအကျိုး(နိဗ္ဗာန်ကိုအမှန်မြင် ခြင်း)။
(၅) ပစ္စ၀က္ခဏာသမ္မဒိဋ္ဌိ - နိဗ္ဗာန်၏ငြိမ်းအေးချမ်းသာယာမှုကို ပြန်ပြီးဆင်ခြင် သုံးသပ်ခြင်းဖြင့် အမှန်မြင်ခြင်း။ ဟူ၍ ဖြစ်ပါသည်။

တဖန်လည်း သမုတိနယ်(ပညတ်နယ်)မှာရှိသော သမ္မဒိဋ္ဌိ(၁၀)မျိုးလည်း ရှိပါ သေးသည်။ ၎င်းတို့မှာ-
(၁) အတ္ထိဒိန္နံလောကေ- လောကမှာ အပြစ်မရှိ ကောင်းသောဝတ္ထုပစ္စည်းတွေကို ပေးလှူခြင်းပြုသူသည် ကောင်းကျိုးချမ်းသာရရှိပြီး အပြစ်ရှိပြီး မကောင်းသော ပစ္စည်းတွေကို လှူတာကတော့ မကောင်းကျိုးဘဲ ပေးတယ်ဟူ၍ အမြင်မှန်ရှိခြင်း။
(၂) အတ္ထယိဋ္ဌံ - အကြီးအကျယ်လှူရင် အကြီးအကျယ်ရသည်ဟူ၍ အမြင်မှန်ရှိ ခြင်း။
(၃) အတ္ထိသုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံတိပါကော - ကောင်းမှုပြုလုပ်သော ကုသိုလ်ကံသည် ကြီးကျယ်ကောင်းမြတ်သော အကျိုးရင်းသုခ၊ သေးငယ်ကောင်း စားသည့် အကျိုးဖျားသုခတွေကို မုချပေးပြီး မကောင်းမှုပြုလုပ်သော အကုသိုလ် ကံကတော့ ကြီးကျယ်ဆိုးရွားသည့် အကျိုးရင်းကိုရော၊ သေးငယ်သည့် ဆိုးကျိုး များရော ပေးသည်ဟူ၍ ယုံကြည်ပြီး မကောင်းမှုကို ရှောင်ကြဉ်တတ်သည့် အမြင်မှန်ရှိခြင်း။
(၄) အတ္ထိဟုတံ- တိရစ္ဆာန်တွေကို ကျွေးမွေးပေးလှူခြင်းသည်လည်း ကောင်းကျိုး ပေးသည်ဟူ၍ အမြင်မှန်ရှိခြင်း။
(၅) အတ္ထိမာတာ- လောကမှာ မိခင်ကို ရိုသေလေးစား ၊ ကျွေးမွေးပေးကမ်းခြင်း၊ ကောင်းစွာသဂြိုဟ်ခြင်း၊ အလှူးဒါနပြုပြီး အမျှပေးဝေခြင်း ပြုလုပ်ပေးရမည်၊ မပြု လုပ်ဘဲ မနေအပ်၊ ပြုလုပ်သော သားသမီးမှာ ကောင်းကျိုးချမ်းသာရသည်၊ မပြု လုပ်သော သားသမီးမှာ ဆင်းရဲဒုက္ခမုချဖြစ်မည် စသဖြင့် အမြင်မှန်ရှိခြင်း။
(၆) အတ္ထိပိတာ- မွေးသဖခင် ကျေးဇူးရှင်အပေါ်မှာလည်း မိခင်ကဲ့သို့ပင် သားသမီး များက ပြုလုပ်ကျင့်ကြံသင့်သည်ဟု အမြင်မှန်ရှိခြင်း။
(၇) အတ္ထိ သတ္တာ သြပပါတိဏ- ဒီလောကမှာ သက်ရှိထင်ရှား မြင်ကောင်းသည့် သတ္တ၀ါတွေရှိသလို မမြင်ကောင်းသည့် သြပပါတ်ပဋိသန္ဓေနေသူ နတ်၊ ဗြဟ္မာ၊ တစ္ဆေ၊ ပြိတ္တာ၊ သရဲတွေလည်း ရှိသည်ဟု အမြင်မှန်ရှိခြင်း။
(၈) အတ္ထိအယံ လောကော- မိမိတို့ ရထားသည့် ခန္ဓာနှင့်ဘ၀ဆိုတာသည်လည်း ပညတ်သဘောအမှန်ရှိနေတာဘဲဟူ၍ အမြင်မှန်ရှိခြင်း။
(၉) အတ္ထိ ပရော လောကော- တမလွန်ဘ၀ဆိုတာရှိသည်၊ သေလျှင် နောက်ဘ၀ တစ်ပါးမှာ ကံအားလျှော်စွာ ဘ၀တစ်ခု ဖြစ်ကြရဦးမည်ဟု အမြင်မှန်ရှိခြင်း။
(၁၀) အတ္ထိ လောကေ သမဏဗြမဏော- ဒီလောကမှာ အကျင့်မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေရှိသည်၊ သဗ္ဗညုတဥာဏ်ရသည့် ဘုရားပစ္စေကဗုဒ္ဓါတွေ၊ ဈာန် အဘိဥာဏ် ရသည့်ပုဂ္ဂိုလ်တွေလည်း ရှိသည်ဟူ၍ အမြင်မှန်ရှိခြင်း။

ဤပြဆိုခဲ့သော (၁၀) မျိုးတို့သည်လည်း သမုတိနယ်ပယ်၌ အမြင်မှန်ခြင်း-သမ္မာ ဒိဋ္ဌိတို့ပင် ဖြစ်ပါသည်။ အမြင်မှန်ရှိခြင်းဖြင့် လောက၏အမှန်တရားကို ရှာဖွေတွေ့ရှိ မည်ဖြစ်ပါသည်။ အမြင်မှန်မရှိသ၍ကာလပတ်လုံး လောက၏အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓဟောကြား ခဲ့သော သစ္စာလေးပါးတရားတော်မြတ်ကြီးကို မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ဖြင့် အမှန်မြင် ရအောင် အခြေခံသမ္မာဒိဋ္ဌိမှ အစပြု၍ ၀ိပဿနာသမ္မာဒိဋ္ဌိအထိ မိမိ၌ ကိန်းအောင်း လာအောင် ကျင့်ကြံကြိုးကုတ်အားထုတ်ဘို့ လိုအပ်ပါသည်။

စိတ်သွားတိုင်း ကိုယ်မပါကြလေနှင့်

ပါပသမိံ ရမတိ မနော (မနော- သတ္တ၀ါတို့၏စိတ်သည်၊ ပါပသမိံ- မကောင်းမှု၌၊ ရမတိ-မွေ့လျော်၏။)ဟူသည့် ဘုရားရှင်မိန့်ဆိုခဲ့တဲ့အတိုင်း စိတ်သည် မကောင်း မှု အာရုံတို့၌ မွေ့လျော်တတ်ပေရာ စိတ်သွားတိုင်းကိုယ်ပါနေခဲ့သော်ခန္ဓာကိုယ်မှာ လည်း နားရတော့မည်ပင် မဟုတ်ပါ။ မကောင်းသော အကုသိုလ် အမှုတို့ကိုလည်း တစ်ခုပြီးတစ်ခု လုပ်မိနေပေမည်။

စိတ်သည် လက်တစ်ဖျစ်အတွင်း၌ ကုဋေတစ်သိန်း ဖြစ်ပျက်ရာ လက်တစ်ဖျစ်တိုင်း လက်တစ်ဖျစ်တိုင်းမှာ အကုသိုလ်စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား?ကုသိုလ် စိတ် ကုဋေတစ်သိန်း အဖြစ်ခံမှာလား? စဉ်းစားသင့်၏။ ဒိဋ္ဌိနှင့်ယှဉ်သော အကုသိုလ်စိတ် လက်တစ်ဖျစ်ဖြစ်မိတိုင်း ငရဲမီးသည်လည်း ငရဲ၌ ထိုမျှမကပင် အလိုအလျောက် မွှေးနေလေ၏။ ထိုမှ ဆန့်ကျင်ဘက်လည်းသမ္မာဒိဋ္ဌိနှင့်ယှဉ် သည့် ၀ိပဿနာဥာဏ်ဖြစ်လျှင်တော့ မွှေးပြီးသား ငရဲမီးတို့ကို ငြိမ်းစေသလို မဂ်ဥာဏ်ဖိုလ်ဥာဏ်သို့လည်း တဖြည်းဖြည်း နီးနေလေ၏။

ထို့ကြောင့် (လေးသမားသည် မိမိ၏မြှားကို လိုသလို ဖြောင့်ယူသကဲ့သို့ပညာရှိ သည်လည်း မိမိ၏စိတ်ကို ဖြောင့်မတ်အောင် ကြိုးစားအားထုတ်ရာ၏။) ဟူသော ဓမ္မပဒပါဠိတော်၌ ဘုရားရှင် ဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံရပေမည်။ လူ့ဘ၀သည် အင်မတန်ရခဲပေရာ ဘုရားသာသနာနဲ့ ကြုံနေတုန်း မိမိ၏စိတ်ကို ကုသိုလ် ကောင်းမှုတို့၌ မွေ့လျော်အောင် ကြိုးစားသင့်ပေ၏။ အခုလို လူ့ဘ၀မှာ (ကုသိုလ် ကောင်းမှုတို့၌ မေ့လျော့နေလျှင်တော့ အသက်သာရှင်နေရသော်လည်း သေပြီး လျှင် အပါယ်သို့ကျရောက်ရမည်၊ အကြိမ်ကြိမ်လည်း နောက်ထပ် သေရဦးမည် ဖြစ်သောကြောင့် ရှင်လျက် သေသောသူနှင့်သာ တူပေ၏။)ဟူ၍ ဘုရားရှင်က သမာဝတီမိဖုရားနှင့် မာဂဏ္ဍီမိဖုရားတို့ကို အကြောင်းပြုပြီး ဓမ္မပဒပါဠိတော်၌ ဟော ကြားတော်မူခဲ့လေ၏။ ထိုကြောင့် ရခဲလှတဲ့ လူ့ဘ၀မှာ မကောင်းမှု၌ မွေ့လျော်တတ်သည့် စိတ်၏အလိုသို့မလိုက်ဘဲ သီလကိုဆောက်တည်၊ သမထကို အားထုတ်၊ ပညာကိုပွားများရင်း မသေရာမြတ်နိဗ္ဗာန်ကိုရအောင် ကြိုးစား အားထုတ်ကြပါကုန်။
သတိတရား လက်ကိုင်ထားကြ…

သတိဝေး ကလေးဖြစ်တော့သည်။

သတိသည် အသိကို ကြိုးကိုင်နေသော မိဘအရာဝင်ဖြစ်ချေ၏။
သတိ မပါသူ၏ အာရုံခံစားမှုသည် မျက် မမြင်ထမင်းစားရာ မစားသင့်သည် များကိုလည်း မမြင်တော့သည့်ပမာသာဖြစ်၏။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

မတူညီချင်းအကြောင်း...

လူချင်းမတူတာ ဘာကြောင့်လဲ။ ကံချင်းမတူလို့ပဲ။
ကံချင်းမတူတာ ဘာကြောင့်လဲ။ စိတ်ချင်းမတူလို့ပဲ။
စိတ်ချင်းမတူတာ ဘာကြောင့်လဲ။ အတွေးချင်း မတူလို့ပဲ။
ဆရာတော်အရှင်အာစာရာလင်္ကာရ(နိုင်ငံတော်ဘွဲ့တံဆိပ် ၉-ဘွဲ့ရ)

တရားသဘော...

ရှိတဲ့တရားက ကျင့်တဲ့သူကို စောင့်ရှောက်သည်။

မရှိတဲ့တရားက ကျင့်တဲ့သူကို ဖျက်စီးသည်။
ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ

မြန်မာကို ကမ္ဘာကလေးစားရေး...

ဖီလိုဆိုဖီခေါ် ဒဿနိကဗေဒသည် ဘ၀အကြောင်းနှင့် လောက အကြောင်းတို့ကို တွေးခေါ်ထားကြသည့် အတွေးအမြင်ဆိုင်ရာ ပညာဖြစ်သည်။ အနောက်တိုင်း ဒဿနိကပညာရှင်များသည် မောဟမျက်နှာဖုံးစွပ်လျက်နှင့် ပညတ်နယ်တွင် ဘ၀သစ္စာနှင့် လောကသစ္စာများကို ရှာဖွေနေကြရာ ယနေ့တိုင် မတွေ့ရှိကြသေး ပါ။

သူတို့ရှာကြံနေကြသော သစ္စာအမှန်တရားများအားလုံးသည် ဗုဒ္ဓ အဘိဓမ္မာတွင် အကုန်အရန်သင့်ရှိနေကြ၏။ မှန်ကန်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ပြပြီးလည်းဖြစ်၏။ ဗုဒ္ဓအဘိဓမ္မာ ကမ္ဘာသိ အောင်လုပ်နိုင်လျှင် မြန်မာကို ကမ္ဘာကလေးစားလာရမည် ဖြစ်သ တည်း။
ဆရာကြီးဒေါက်တာမင်းတင်မွန်(ဓမ္မကထိက)

မိုက်သူနှင့်လိမ္မာသူ...

မိုက်သူသည် မိမိလုပ်ငန်း မအောင်မြင်လျှင် တစ်ခြားသူများအပေါ် အပြစ်ဖို့၏။ ထို့ထက်လိမ္မာသူသည် မိမိကိုယ်ကိုမိမိ အပြစ်ဖို့၏။ အလိမ္မာဆုံးပုဂ္ဂိုလ်ကတော့ ဘယ်သူ့ကိုမှ အပြစ်မဖို့။
ဆရာတော်အရှင်ဇ၀န

ဗုဒ္ဓကိုယ်တော်တိုင် တရားနာကြားခြင်း

* အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ်တရားဟောနေသော နေရာသို့သွား၍ ညဥ့်သုံး ရံကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏။ နန္ဒမထေရ်သည် ထိုသို့ ရပ်လျက် တရားနာကြားနေသော ဘုရားရှင်အားမြင်သော် လာရောက် ကာ လက်အုပ်ချီမိုးရှိခိုးလျက် ဘုရားရှင်အား ဤသို့ လျှောက် ထား၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… အရှင် ဘုရားသည် အလွန်နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာ ပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ။” ဟူ၍ဖြစ်၏။
* ထိုအခါ ဘုရားရှင်က နန္ဒမထေရ်အား မိန့်ကြားတော်မူသည်မှာ- “အို ချစ်သားနန္ဒ… သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟော ခြင်းငှာစွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင်တစ်ကမ္ဘာ ပတ်လုံး တရားနာတော်မူအံ့။” ဟူ၍ မိန့်တော်မူခဲ့လေ၏။
* တရားအလုံးစုံကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာ ဘုရားသည်ပင် တရားနာကြားခြင်းအမှုကို ဤမျှ အလေးအနက် ထားသော် ပုထုဇဉ်တို့မှာမူ အဘယ်မှာလျှင် အလေးအနက် မထားဘဲ နေသင့်ပါမည်နည်း။ နားကို အဘယ်သို့သော သဒ္ဒါရုံ-အသံဖြင့် အလှဆင်ပါမည်နည်း။ နားကို အလှဆင်ရာ၌ဓမ္မအသံ ဖြင့် အလှဆင်သင့်ပေ၏။ စာဖတ်သူ ပရိတ်သတ်တို့အား ကျွန်တော့်အနေဖြင့် အကြံပေးလိုခြင်းဖြစ်၏။
* မကောင်းမှု၌ မွေ့လျော်နေသောစိတ်သည် မကောင်းသော သဒ္ဒါရုံသို့သာ မွေ့လျော်နေတတ်ပေရာ စိတ်ကိုစောင့်ရှောက်ပေး ရပေမည်။ စိတ်ကို မစောင့်ရှောက်ဘဲ လိုရာသို့လွှတ် ပေးထားသော် ကိလေသာ၏ ခြယ်လှယ်မှုကြောင့် မကောင်းသော သဒ္ဒါရုံသို့သာ နှစ်သက်ရင်းနှစ်သက်ရင်းဖြင့် ကြာလျှင်ဥပါဒါန်သို့ ရောက်လာပေ၏။ ၎င်းအဆင့်သို့ ရောက်လာခဲ့သော် မရမက အားထုတ်မှုတို့သည် ဆက်၍ လာပေမည်။ ထိုသဒ္ဒါရုံကို မကြားရ မနေနိုင်ဖြစ်လာပေမည်။ မကောင်းသော သဒ္ဒါရုံဆိုရာ၌ စိတ်ကို ကိလေသာအနှောင်အဖွဲ့ ဖြစ်စေသော၊ အပြစ်လည်း မကင်းစေ သော အသံတို့ကို ဆိုလိုခြင်းဖြစ်၏။
* ထို့ကြောင့် နားကိုအလှဆင်ရာ၌ ဗုဒ္ဓ၏အဆုံးအမတော်များ ဖြစ်သည့် ဓမ္မအသံဖြင့် အလှဆင်သင့်ပေသည်။ တရားနာကြား ခြင်းကြောင့် ရရှိသောအကျိုးတို့မှာ ပြောပြ၍ မကုန်နိုင်ပါပေ။ တရားနာကြားခြင်းကြောင့် ဦးစွာ စိတ်ကိုငြိမ်းချမ်းစေပေသည်။ ဓမ္မသည် မှန်ကန်သော ဗုဒ္ဓ၏သစ္စာစကားများဖြစ်ခြင်းကြောင့် ဓမ္မကိုနာကြားရခြင်းဖြင့် မှန်ကန်သောအသိပညာနှင့်ကောင်းမှု၌ မွေ့လျော်လိုသော သတိတရားတို့ ဖြစ်လာပေသည်။ သစ္စာ စကားကို နာကြားရမှ သစ္စာတရားကို ရနိုင်ပေမည်။
* ဘုရားရှင်လက်ထက်က ဖားနတ်သားဝတ္ထုကို လူတိုင်ကြားဖူး ကြပါသည်။ ဗုဒ္ဓ၏အသံတော်ကို သာယာသောစိတ်ဖြင့် နာကြား နေချိန် နွားကျောင်းသား၏တုတ်ဖြင့် သေဆုံးပြီး နတ်ပြည်၌ နတ်သားဖြစ်ရပေသည်။ ထို့နောက် နတ်ပြည်မှ မိမိ၏ဘ၀ဟောင်းကို ပြန်ကြည့်ပြီး ဗုဒ္ဓ၏တရားအသံ မဆုံးသေးခင် လူပြည်သို့ဆင်းကာ ဆက်လက်တရားနာကြားခြင်းကြောင့် သောတာပန်တည်ခဲ့လေ၏။
* တဖန် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီး၏ တပည့်ရဟန်းငါးရာတို့ သည်လည်း တစ်ခုသောဘ၀မှာ လင်းနို့ ငါးရာဖြစ်ခဲ့ကြရာ ပဋ္ဌာန်းရွတ်ဆိုသောအသံကို ကြည်နူးဝမ်း မြောက်မှုဖြင့် နာကြားခဲ့ဘူးသောအထုံကြောင့် ကျွန်ုပ်တို့ မြတ်စွာဘုရား လက်ထက်၌ အဘိဓမ္မာဆောင် ရဟန္တာငါးရာ ဖြစ်ခဲ့ကြပေသည်။
* လောက၌ သေခြင်းတရားမရှိသော သန္တိသုခကို ရရှိသောသူ လောက် ချမ်းသာသောပုဂ္ဂိုလ် အဘယ်မှာရှိအံ့နည်း။ ထိုသုခကို ရရှိအောင် လမ်းညွှန်ပေးသော ဗုဒ္ဓ၏ဓမ္မအသံဖြင့် နားကိုအလှ ဆင်ကြပါကုန်။ ဗုဒ္ဓ၏သစ္စာစကားတို့ကို နာကြားခွင့် ရရှိကြ သောသူတို့မှာလည်း အလွန်ရခဲလှစွာသော လူ့ဘ၀ကို ပိုင်ဆိုင် ထားသူတို့ဟူ၍ မိမိကိုယ်ကိုသိရှိပြီး တရားတော်အတိုင်း လက်တွေ့ကျင့်ကြံနေထိုင်သွားကြပါဟူ၍လည်း ဤဆောင်းပါး ဖြင့် တိုက်တွန်းနှိုးဆော်ရင်း ဓမ္မဒါနပြုလိုက်ရပါသည်။
* စာဖတ်သူအားလုံး ကိုယ်ကျန်းမာ ၊ စိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝနိုင်ကြ ပါစေ။

AddThis Social Bookmark Button

Email this post